အရေးကြီးမှတ်စု – UNHCR ၏ ဝန်ဆောင်မှုများနှင့် အကူအညီအားလုံးသည် အခမဲ့ဖြစ်ပါသည်။
ပဋိပက္ခနှင့် နေရပ်စွန့်ခွာနေရသည့် ကာလအတွင်း ကလေးသူငယ်များသည် မည်သည့်ဘေးအန္တရာယ်များ ရင်ဆိုင်ရနိုင်ပါသလဲ။
မြန်မာနိုင်ငံတွင် ပဋိပက္ခ နှင့် နေရပ်စွန့်ခွာနေရမှုကြောင့် ထိခိုက်ခံစားနေရသော ကလေးသူငယ်များ (အသက် ၁၈ နှစ်အောက်များ အားလုံး) သည် ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ရေရှည်သက်ရောက်မှုရှိနိုင်သော ဘေးအန္တရာယ်များကို ရင်ဆိုင်နေရပါသည်။ ဥပမာအားဖြင့် မိသားစုနှင့်ကွဲကွာနေရခြင်း၊ အသက်ငယ်စဉ်ကတည်းက အလုပ်လုပ်နေရခြင်း၊ အိမ်ထောင်ပြုရခြင်း၊ အကြမ်းဖက်ခံရခြင်းနှင့် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒါဏ်ရာရခြင်းတို့ ပါဝင်ပါသည်။ ထို့အပြင် ကလေးငယ်အများစုသည် ကျောင်းတက်ခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှုများကို ရရှိရန် အခက်အခဲများကြုံတွေ့နေရသည်။ မသန်စွမ်းသူကလေးသူငယ်များ၊ မိဘ သို့မဟုတ် အုပ်ထိန်းသူမရှိသောကလေးသူငယ်များနှင့် အခွင့်အလမ်းနည်းပါးသော လူမှုအသိုင်းအဝိုင်းမှ ကလေးသူငယ်များသည် အန္တရာယ်အရှိဆုံးလူအုပ်စုများအနက် အုပ်စုတစ်စုဖြစ်ကြသည်။
အကူအညီရယူခြင်း
ကလေးသူငယ်များ ကြုံတွေ့နေရသော အန္တရာယ်များအား ဖော်ထုတ်ခြင်းနှင့် ကလေးသူငယ်များ၏ အပြုအမူများ ပြောင်းလဲမှုကို စောစီးစွာသိရှိခြင်းသည် ကလေးသူငယ်တို့အတွက် လိုအပ်သောစောင့်ရှောက်မှုနှင့် ထောက်ပံ့မှုများရရှိစေရန် ကူညီရာတွင် အလွန်အရေးကြီးပါသည်။
UNHCR သည် ကလေးသူငယ်များအတွက် အထူးပြုသော ကာကွယ်စောင့်ရှောက်ရေး ဝန်ဆောင်မှုများအား တိုက်ရိုက်မပေးသော်လည်း၊ ယုံကြည်စိတ်ချရသော မိတ်ဖက်များ၊ ဝန်ဆောင်မှုပေးနေသော အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးနိုင်ပါသည်။ UNHCR သည် လွှဲပြောင်းချိတ်ဆက်ခြင်းများကို လျှို့ဝှက်စွာကိုင်တွယ်ပြီး နောက်ဆက်တွဲလုပ်ဆောင်ချက်များကို ဘေးကင်းလုံခြုံစွာ လုပ်ဆောင်ပါသည်။
သင် သို့မဟုတ် ကလေးငယ်တစ်ဦး၏ ဘေးကင်းလုံခြုံမှု သို့မဟုတ် ကျန်းမာရေး နှင့် စိတ်ပိုင်းဆိုင်ရာအခြေအနေအတွက် စိုးရိမ်နေပါက၊ သို့မဟုတ် UNHCR မှတစ်ဆင့် အထူးပြုဝန်ဆောင်မှုများသို့ လွှဲပြောင်းပေးစေလိုပါက၊ သို့မဟုတ် ပဋိပက္ခ နှင့် နေရပ်စွန့်ခွာနေရသည့်ကာလအတွင်း ကလေးသူငယ်များအား ကူညီထောက်ပံ့ခြင်းနှင့် သက်ဆိုင်သော မေးခွန်းများရှိပါက UNHCR ကို ဆက်သွယ်နိုင်ပါသည်။
UNHCR နှင့် ယုံကြည်စိတ်ချရသော မိတ်ဖက်များသည် အရှင်မွေးလက်မှတ်များ (သို့မဟုတ် မွေးစာရင်း) ရရှိနိုင်ရန် ဥပဒေရေးရာ အထောက်အကူများ ပေးနေပါသည်။ UNHCR ၏ ဥပဒေရေးရာ အထောက်အကူများအကြောင်း ပိုမိုသိရှိလိုပါက ဥပဒေရေးရာ အထောက်အကူပေးခြင်း စာမျက်နှာ ကိုသွားရောက်ကြည့်ရှုနိုင်ပါသည်။
၁။ ခက်ခဲသောကာလအတွင်း ကလေးသူငယ်များမှ အများဆုံးရင်ဆိုင်ကြုံတွေ့နေရသော အန္တရာယ်များနှင့် ပြဿနာ ဥပမာများမှာ ဘာတွေလဲ။
အောက်ပါတို့မှာ ၎င်းတို့ အများဆုံးရင်ဆိုင်ကြုံတွေ့နေရသော အန္တရာယ်များနှင့် ပြဿနာများ ဖြစ်ပါသည်။ ဖော်ပြထားသော ပြဿနာများမှ ဥပမာအချို့သာဖြစ်ပါသည်။
- မိသားစုများ နှင့် ကွဲကွာနေရခြင်း – နေရပ်စွန့်ခွာနေရသည့်ကာလအတွင်း ကလေးငယ်များသည် မိသားစုများနှင့် ကွဲသွားသောအခါ၊ နေအိမ်တွင် တစ်ဦးတည်း ကျန်နေရစ်သောအခါ၊ မသိသူများနှင့်အတူရှိနေခြင်း သို့မဟုတ် မလုံခြုံသောနေရာများတွင်ရှိနေသောအခါ၊ ၎င်းတို့သည် လှည့်ဖြားခံရခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရခြင်း စသော အန္တရာယ်များ ရင်ဆိုင်နိုင်ရချေ မြင့်မားပါသည်။
- ကျောင်းတက်နေရမည့်အစား အလုပ်လုပ်နေရခြင်း – ကလေးသူငယ်များသည် ခက်ခဲသောကာလအတွင်း မိသားစုများတွင် ငွေကြေးအခက်အခဲကြုံတွေ့ရသောအခါ ၎င်းတို့ကိုယ်တိုင်မှ အလုပ်လုပ်ရန် ဖိအားပေးကြပါသည်။ ဤအခြေအနေသည် ၎င်းတို့အား သင်ကြားမှုမှရပ်တန့်စေပြီး ဘေးအန္တရာယ်များသို့ တွန်းပို့စေပါသည်။ ဥပမာအားဖြင့် လမ်းပေါ်တွင်အလုပ်လုပ်ရခြင်းကြောင့် ကားတိုက်ခံရနိုင်ခြင်း၊ ဓားများ၊ စက်ကိရိယာများနှင့် အလုပ်လုပ်ရသောကြောင့် ထိခိုက်ဒဏ်ရာရနိုင်ခြင်း၊ ဘေးကင်းလုံခြုံမှုမရှိသော အလုပ်လုပ်ရခြင်းကြောင့် ကျန်းမာရေးထိခိုက်နိုင်ခြင်း (ပူပြင်းသော ရာသီဥတု၊ အဆိပ်အတောက်များ၊ သန့်ရှင်းမှုမရှိခြင်း၊ အနားမယူနိုင်ဘဲ အချိန်ကြာရှည် အလုပ်လုပ်ရခြင်း) တို့ ဖြစ်နိုင်ပါသည်။ အလုပ်ရှင်များ သို့မဟုတ် ဝယ်သူဖောက်သည်များမှလည်း ၎င်းတို့အား ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု သို့မဟုတ် အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်းနိုင်ပါသည်။
- အသက်ငယ်ရွယ်ချိန်တွင် အိမ်ထောင်ပြုရခြင်း – ခက်ခဲသောကာလများအတွင်း မိသားစုများသည် အသုံးစရိတ်များလျှော့ချရန် ကြိုးစားရာတွင် အထူးသဖြင့် မိန်းကလေးငယ်များအား အသက်ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ပြုရန် ဖိအားပေးခြင်းများ ဖြစ်နိုင်ပါသည်။ ဤအခြေအနေသည် မိန်းကလေးများ၏ ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်ပြီး၊ အသက်ငယ်ငယ်နှင့် ကိုယ်ဝန်ဆောင်ရပါက ထိခိုက်မှုများ ပိုမိုရှိနိုင်ပါသည်။ ထို့အပြင် ၎င်းတို့၏ ပညာရေးနှင့် အနာဂတ်အခွင့်အလမ်းများကိုလည်း ပိတ်ပင်တားဆီးနိုင်ပါသည်။ အသက်ငယ်ရွယ်စဥ်တွင် အိမ်ထောင်ပြုရသော မိန်းကလေးများသည် အကြမ်းဖက်မှုများခံရနိုင်ခြင်း၊ မိသားစုနှင့် သူငယ်ချင်းများနှင့် အဆက်အသွယ်ဖြတ်ပြီး သီးသန့်နေခြင်းစသည့် စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆက်ဆံရေးဆိုင်ရာ ဆိုးရွားသော အကျိုးသက်ရောက်မှုများကို ကြုံတွေ့နိုင်ပါသည်။ ကလေးသူငယ်လက်ထပ်ထိမ်းမြားခြင်းသည် ကျောင်းထွက်ရခြင်းကို ဖြစ်စေလေ့ရှိပြီး၊ နောက်ပိုင်းတွင် အလုပ်ရှာဖွေရန် သို့မဟုတ် အသစ်အသစ်သောကျွမ်းကျင်ပညာရပ်များ သင်ယူရန် အခက်အခဲများ ဖြစ်စေနိုင်ပါသည်။
- ပစ်ထားခံရခြင်း၊ ထိခိုက်ဒါဏ်ရာရစေခြင်း သို့မဟုတ် မတရားဆက်ဆံခံရခြင်း –ကလေးသူငယ်များသည် တစ်ခါတစ်ရံတွင် ပစ်ထားခံရခြင်း၊ အော်ငေါက်ခံရခြင်း သို့မဟုတ် မတရားဆက်ဆံခံရခြင်းများ ကြုံရနိုင်ပါသည်။ ဤလုပ်ရပ်များအား ကလေးသူငယ်များသည် နေအိမ်တွင် သို့မဟုတ် ကျောင်းကဲ့သို့သော အများပြည်သူနှင့်သက်ဆိုင်သော နေရာများတွင်ပါ ကြုံတွေ့နိုင်ပါသည်။ ထိုကဲ့သို့သော အတွေ့အကြုံများသည် ကလေးငယ်များအား ကြောက်ရွံ့မှု၊ စိုးရိမ်မှု သို့မဟုတ် တစ်ဦးတည်းဖြစ်နေသည့်ခံစားချက်များ ဖြစ်စေနိုင်သည်။ ထို့ပြင် မည်သည့်နေရာနှင့် မည်သို့ အကူအညီတောင်းခံရမည်ကိုလည်း ၎င်းတို့ သိနိုင်မည်မဟုတ်ပါ။
- မြေမြှုပ်မိုင်း နှင့် ပေါက်ကွဲစေနိုင်သောအရာများမှ အန္တရာယ်များ – ကလေးသူငယ်များသည် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေနိုင်သောအရာများက ၎င်းတို့အား ထိခိုက်ဒဏ်ရာရခြင်း၊ ကိုယ်အင်္ဂါအချို့ဆုံးရှုံးခြင်းများဖြစ်နိုင်သည်ကို ခွဲခြားသိနိုင်ခြင်း မရှိပါ။
- ကျောင်းမတက်နိုင်ခြင်း သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်မှုမရခြင်း – ပဋိပက္ခ နှင့် နေရပ်စွန့်ခွာနေရသည့်ကာလအတွင်း ကလေးသူငယ်များသည် ကျောင်းတက်နိုင်လေ့မရှိပါ။ ၎င်းတို့ ဖျားနာနေစဥ် သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှု လိုအပ်နေသောအခါများတွင် ဆရာဝန်များနှင့် ကုသနိုင်လေ့မရှိပါ။ အကြောင်းရင်းများမှာ ထိုဝန်ဆောင်မှုများသည် ကလေးများနေထိုင်နေသော နေရာဒေသတွင် မရှိခြင်း၊ အဖိုးအခများ စျေးကြီးလွန်းခြင်း သို့မဟုတ် သွားရောက်ရန်လမ်းကြောင်းတွင် ဘေးကင်းလုံခြုံမှု မရှိခြင်းများကြောင့် ဖြစ်နေနိုင်ပါသည်။
- အရှင်မွေးလက်မှတ် (မွေးစာရင်း) မရှိခြင်း – ပဋိပက္ခ နှင့် နေရပ်စွန့်ခွာနေရသည့်ကာလအတွင်း မိသားစုများသည် ကလေးသူငယ်များအတွက် အရှင်မွေးလက်မှတ် (မွေးစာရင်း) ရယူနိုင်ရန် ခက်ခဲကြပါသည်။ ထိုမွေးစာရင်းသည် မူလတန်းကျောင်းတွင် ကျောင်းနေခွင့် စာရင်းသွင်းရန်၊ နိုင်ငံသားစစ်ဆေးရေးကတ်ပြားလျှောက်ထားရန် နှင့် အစိုးရအဖွဲ့အစည်းများမှ အကျိုးခံစားခွင့်ရရန် အရေးကြီးသော စာရွက်စာတမ်းတစ်ခုဖြစ်ပါသည်။
၂။ ကလေးသူငယ်များတွင် တွေ့ရသော စိတ်ဖိစီးမှု နှင့် စိုးရိမ်မှု လက္ခဏာများ
ပဋိပက္ခ နှင့် နေရပ်စွန့်ခွာနေရမှုကြောင့် ထိခိုက်ခံစားနေရသော ကလေးသူငယ်များတွင် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှု၊ စိုးရိမ်မှု လက္ခဏာများ ပေါ်ပေါက်နိုင်ပါသည်။ သို့သော် ထိုသို့သောလက္ခဏာများသည် ကလေးငယ် တစ်ဦးနှင့်တစ်ဦးအကြား ကွဲပြားနိုင်ပါသည်။ အောက်ပါလက္ခဏာများသည် စောင့်ကြည့်သင့်သော ကလေးများ၏အပြုအမူ ဥပမာများ ဖြစ်ပါသည်။
- အိပ်စက်ရာတွင် အခက်အခဲရှိခြင်း
- လုပ်ဆောင်ချက်များအပေါ် အာရုံစိုက်ရန် အခက်အခဲရှိခြင်း
- ကျောင်းစာများ လေ့လာရာတွင် ခက်ခဲနေခြင်းနှင့် လေ့လာသင်ယူမှုများအပေါ် စိတ်ဝင်စားမှု ပျောက်ဆုံးနေခြင်း
- တိကျသော ကျန်းမာရေးဆိုင်ရာ အကြောင်းအရင်းမရှိဘဲ ခေါင်းကိုက်ခြင်း သို့မဟုတ် ဝမ်းဗိုက်နာခြင်း
- မကြာခဏ ငိုခြင်း
- ဒေါသထွက်လွယ်ခြင်း
- ပြင်းထန်သော ကြောက်ရွံ့မှုများ ပြသခြင်း
- ရှိရင်းအသက်နှင့် မကိုက်ညီသော အသက်ထက် ပိုငယ်နေသော အပြုအမူများ ပြုမူနေခြင်း (ဥပမာ – လက်စုပ်ခြင်း၊ မိဘများအား မျက်စိအောက်က အပျောက်မခံခြင်း)
- မိဘများ သို့မဟုတ် စောင့်ရှောက်သူများနှင့် အနီးကပ်နေလိုခြင်း
၃။ ခက်ခဲသောကာလများအတွင်း ကလေးသူငယ်များအား လုံခြုံစွာ မည်သို့ စောင့်ရှောက်နိုင်ပါသလဲ။
- အတူတကွနေထိုင်ပါ – ကလေးသူငယ်များသည် မိသားစုနှင့်အတူရှိနေခြင်းသည် ၎င်းတို့အတွက် အလုံခြုံဆုံးဖြစ်သည်။ နေရပ်စွန့်ခွာနေရစဥ်ကာလအတွင်း မိသားစုအတူတကွရှိနေရန် ကြိုးစားပါ။ အကယ်၍ ကွဲကွာခဲ့လျင် မည်သည့်နေရာတွင် သင်နှင့် သင့်ကလေးငယ် ဆုံတွေ့မည်ကို ၎င်းနှင့် ကြိုတင်သဘောတူထားပါ။ ပင်လယ်/ရေလမ်း သို့မဟုတ် ကုန်လမ်းဖြင့် ခရီးသွားရန် စဉ်းစားနေလျင် ခရီးမသွားခင်နှင့် သွားနေစဥ်အတွင်း စဥ်းစားရမည့် အကြံပြုချက်များကို ပင်လယ်ရေလမ်းနှင့် ကုန်းလမ်းတို့မှတဆင့် ခရီးသွားလာခြင်းဆိုင်ရာ အန္တရာယ်များ စာမျက်နှာတွင်ကြည့်ရှုနိုင်ပါသည်။
- ယုံကြည်ရသောသူတစ်ဦးထံတွင် ထားပါ – မိဘများအနေဖြင့် မိမိကလေးငယ်နှင့်အတူမရှိနိုင်ပါက၊ သင့်ကလေးငယ်သည် သင်ယုံကြည်စိတ်ချသော သူတစ်ဦးဦးနှင့် အတူထားခဲ့နိုင်ရန် ကြိုးစားပါ။
- ကလေးသူငယ်များမှ မိမိတို့၏ကိုယ်ပိုင်မိသားစုကို သိထားအောင် လုပ်ပါ – အသက်အရွယ်ကြီးသောကလေးငယ်များအား ၎င်းတို့၏နာမည်နှင့်အတူ သင်တို့(မိဘများ)၏ နာမည်၊ လိပ်စာနှင့် ဖုန်းနံပါတ်များကို သင်ကြားထားပေးပါ။ အသက်ငယ်သောကလေးများအား ဤအချက်အလက်များပါဝင်သော ကတ်ပြားငယ်တစ်ခု ပေးထားပါ။ အကယ်၍ ကလေးများနှင့် ကွဲကွာသွားလျင် ဤအချက်အလက်များသည် ၎င်းတို့ကို ပြန်လည်ရှာဖွေနိုင်ပြီး သင်တို့ (မိဘများ)နှင့် ပြန်လည်ပေါင်းစည်းပေးနိုင်ရန်အတွက် အထောက်အကူဖြစ်ပါသည်။
- ဘေးကင်းလုံခြုံရေးအကြောင်းကို ကလေးသူငယ်များအား ပြောပြပါ – အချို့သောသူများသည် လက်ဆောင်ဖြစ်စေ ကူညီမှုများဖြစ်စေ ပေးပြီး ကလေးသူငယ်များအား လှည့်ဖြားနိုင်ပါသည်။ သင့်ကလေးငယ်အား သိရှိနှင့်ထားသောအန္တရာယ်များကို သတိထားရန် နှင့် ၎င်တို့အား လုံခြုံစွာ စောင့်ရှောက်နိုင်သော ယုံကြည်စိတ်ချရသော လူကြီးများနှင့်အတူနေရန် သင်ကြားထားပါ။
ကလေးများအတွက် လုံခြုံရေးအကြံပြုချက်များ –
- ယုံကြည်စိတ်ချရသောသူများနှင့် အတူရှိပါ – သင်မှ ကောင်းကောင်းသိပြီး ယုံကြည်စိတ်ချရသောသူများနှင့် အမြဲတမ်း အနီးကပ် နေပါ။ အထူးသဖြင့် ညအချိန်တွင် တစ်ဦးတည်း လမ်းလျှောက်သွားလာခြင်း မပြုပါနှင့်။ သင်မည်သည့်နေရာသွားမည်၊ မည်သည့်အချိန်ပြန်လာမည်ကို တစ်ဦးတစ်ယောက်အား ပြောပြအသိပေးထားပါ။
- မသိသော သူစိမ်းများကို သတိထားပါ – သင်မသိသောသူများ၏ ကတိကဝတ်များကို မယုံကြည်ပါနှင့်။ ၎င်းတို့သည် သင့်အား လှည့်ဖြားရန် သို့မဟုတ် ထိခိုက်နာကျင်စေရန် ကြိုးစားနိုင်ပါသည်။
- လမ်းပျောက်သွားလျင် – သင်သိပြီး ယုံကြည်စိတ်ချရသော လူကြီးများ သို့မဟုတ် ကလေးများကို ရှာပါ။ ၎င်းတို့အား သင်သည် သင့်မိသားစုကိုရှာဖွေနေကြောင်းနှင့် အကူအညီလိုအပ်နေကြောင်း ပြောပြပါ။
- သင်ယုံကြည်စိတ်ချရသော သူတစ်ဦးအား ပြောပြပါ – ဝမ်းနည်းခြင်း၊ ကြောက်ရွံ့ခြင်း သို့မဟုတ် စိတ်ရှုပ်ထွေးခြင်းများ ခံစားရခြင်းသည် ပုံမှန်ဖြစ်စဥ်ဖြစ်ပါသည်။ ဤသို့သော လက္ခဏာများ ခံစားရလျင် မိဘ၊ ဆရာ/ဆရာမ သို့မဟုတ် သူငယ်ချင်းကဲ့သို့ သင်ယုံကြည်စိတ်ချရသောသူ တစ်ဦးဦးအား ပြောပြပါ။
သက်ဆိုင်သော အချက်အလက်များ
-
- မေးခွန်းများ၊ အကြံပြုချက်များနှင့် တိုင်ကြားချက်များပေးပို့ရန်
- လိမ်လည်မှုနှင့်အကျင့်ပျက်ခြစားမှုများကို တိုင်ကြားခြင်း
- လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုများနှင့် အလွဲသုံးစားမှုများကို တိုင်ကြားခြင်း
- မြန်မာနိုင်ငံရှိ UNHCR အကြောင်း
- မိသားစုပြန်လည်ဆက်သွယ်ခြင်း
- ကျွန်ုပ်တို့အားဆက်သွယ်ရန်
- UNHCR မှ ကိုယ်ရေးအချက်အလက်များ ကိုင်တွယ်ဆောင်ရွက်ခြင်း
- ငလျင်ဆိုင်ရာကူညီဆောင်ရွက်မှု
- ဥပဒေရေးရာ အထောက်အကူပေးခြင်း
- ပင်လယ်ရေလမ်းနှင့် ကုန်းလမ်းတို့မှတဆင့် ခရီးသွားလာခြင်းဆိုင်ရာ အန္တရာယ်များ
- ရေကြီးမှုနှင့် မုန်တိုင်းအန္တရာယ်ကင်းရှင်းရေး – အကြံပြုချက်များ