အရေးကြီးမှတ်စု – UNHCR ၏ ဝန်ဆောင်မှုများနှင့် အကူအညီအားလုံးသည် အခမဲ့ဖြစ်ပါသည်။
ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုဆိုတာဘာလဲ။
ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှု (GBV) ဆိုသည်မှာ အမျိုးသမီး၊ အမျိုးသား၊ မိန်းကလေး၊ ယောက်ျားလေးတို့အပေါ် လူမှုအသိုင်းအဝိုင်းမှ သတ်မှတ်ထားသော ကွဲပြားခြားနားချက်များကြောင့် တစုံတစ်ဦးအား ထိခိုက်နာကျင်စေသော မည်သည့်လုပ်ရပ်မဆို ဖြစ်သည်။ ထို့အပြင် GBV သည် တစုံတစ်ဦး၏ ဂျဲန်ဒါခံယူချက်နှင့် လိင်စိတ်ဝင်စားမှုအပေါ်အခြေခံ၍ ၎င်းအားထိခိုက်နာကျင်စေသော အခါတွင်လည်းဖြစ်ပေါ်နိုင်သည်။ GBVတွင် ရုပ်ပိုင်းဆိုင်ရာထိခိုက်နာကျင်စေမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာနှောင့်ယှက်မှု၊ ခြိမ်းခြောက်မှု၊ အတင်းအဓမ္မလုပ်ဆောင်မှု (သို့) ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နှင့် လွတ်လပ်စွာ သွားလာခွင့်ကိုကန့်သတ်ခြင်းတို့ ပါဝင်သည်။ ဤလုပ်ရပ်များသည် နေအိမ်၌ဖြစ်စေ၊ အများပြည်သူနှင့်သက်ဆိုင်သော နေရာများတွင်ဖြစ်စေ ဖြစ်ပေါ်နိုင်ပါသည်။
အကူအညီရယူခြင်း
သင် (သို့) သင်သိသောသူတစ်ဦးသည် GBV နှင့် တွေ့ကြုံခံစားနေရပါက (သို့) အန္တရာယ်အလားအလာ ရှိနေပါက အကူအညီရယူနိုင်ကြောင်းနှင့် သင်တစ်ယောက်ထဲမဟုတ်ကြောင်း သတိပြုပါ။ GBV နှင့် သက်ဆိုင်သော ကိစ္စရပ်များအတွက် အရေးပေါ်လုပ်ဆောင်ချက်များလိုအပ်ပါသည်။ အကူအညီနှင့် လမ်းညွှန်မှုများ စောစီးစွာရယူခြင်းသည် နောက်ထပ်လုပ်ဆောင်ရန် ကိစ္စများနှင့် မည်သို့လုံခြုံစွာ နေထိုင်ရမည်ကို ပိုမိုလွယ်ကူစွာနားလည်စေပါသည်။
UNHCR သည် GBV အန္တရာယ်မှ လွတ်မြောက်လာသူများအတွက် သီးခြားဝန်ဆောင်မှုများကို ကူညီထောက်ပံ့ပေးခြင်း မရှိသော်လည်း ယုံကြည်စိတ်ချရသော မိတ်ဖက်များနှင့် ဝန်ဆောင်မှု ပေးသူများထံသို့ ညွှန်းပို့ပေးပါသည်။ UNHCR သည် ညွှန်းပို့မှုများကို လျှို့ဝှက်စွာသိမ်းဆည်းပြီး လုံခြုံစွာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အကယ်၍ သင်သည် UNHCR အား ညွှန်းပို့မှုပြုလုပ်စေလျှင် (သို့) GBVအား ကာကွယ်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်မှုများအကြောင်းမေးခွန်းများမေးလိုပါက UNHCR ကိုဆက်သွယ်နိုင်ပါသည်။
၁။ GBV အမျိုးအစားတွေကဘာတွေလဲ။ ⬇️
အောက်တွင် ဥပမာအချို့ဖော်ပြထားပါသည်။ ၎င်းသည် ပြည့်စုံသောစာရင်းမဟုတ်ပါ။
- လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု – အလိုဆန္ဒသဘောတူညီမှုမရှိသော မည်သည့်လိင်ပိုင်းဆိုင်ရာ အပြုအမူမဆို ပါဝင်သည်။ ဥပမာ – အဓမ္မပြုကျင့်ခြင်း (ပြုကျင့်ရန်ကြိုးစားခြင်း)၊ မလိုလားသော ထိတွေ့ကိုင်တွယ်ခြင်း၊ နမ်းရှုံ့ခြင်း (သို့) အလိုမတူဘဲကိုင်တွယ်ခြင်း။ သဘောတူညီမှုသည် ဖိအားပေးခြင်းကင်းသော သဘောတူညီမှုဖြစ်ရမည်။ လက်ထပ်ထားသည်ဖြစ်စေ (သို့) သမီးရည်းစားဖြစ်စေ မည်သူမှ အတင်းအကြပ် လိင်ဆက်ဆံစေခြင်း မခံရသင့်ပါ။
- ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု – လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုမဟုတ်ဘဲ ခန္ဓာကိုယ်အား ထိခိုက်နာကျင်စေသော မည်သည့်ကိုယ်ထိလက်ရောက်အကြမ်းဖက်မှုမဆိုပါဝင်သည်။ ဥပမာ – ရိုက်နှက်ခြင်း၊ ကန်ခြင်း၊ လည်ပင်းညှစ်ခြင်း၊ ဓားဖြင့်လှီးခြင်း၊ တွန်းချခြင်း (သို့) မီးရှို့ခြင်း။
- စိတ်ခံစားမှု (သို့) စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု – စော်ကားပြောဆိုခြင်း၊ ရုပ်ပိုင်းဆိုင်ရာ (သို့) လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းများဖြင့် ခြိမ်းခြောက်ခြင်း၊ လှောင်ပြောင်ခြင်း၊ နှစ်သက်သော ပစ္စည်းများအား ဖျက်ဆီးခြင်း၊ (သို့) အမူအကျင့်များအားထိန်းချုပ်ခြင်း စသည်တို့ကြောင့် တစုံတစ်ဦးအား ကြောက်ရွံ့ခြင်း၊ ရှက်ခြင်း (သို့) စိတ်ဖိစီးမှုများ ဖြစ်ပေါ်စေခြင်း။ ဥပမာ – တစုံတစ်ဦးအား မိသားစု (သို့) သူငယ်ချင်းများနှင့် ခွဲထားခြင်း (သို့) ၎င်းတို့၏လွတ်လပ်ခွင့်အား ကန့်သတ်ခြင်း။ ဤအမျိုးအစားသည် မကြာခဏ ကျော်သွားခြင်းခံရသော်လည်း အမှန်တကယ် လူတစ်ယောက်၏ ကောင်းကျိုးချမ်းသာကို အလွန်အမင်းထိခိုက်စေနိုင်ပါသည်။
- လူမှုစီးပွားရေးအကြမ်းဖက်မှု (သို့) လိုအပ်သည့် အရင်းအမြစ်များ ပေးရန်ငြင်းဆန်ခြင်း – တစုံတစ်ဦး၏ငွေကြေးကို ရယူခြင်း (သို့) ထိန်းချုပ်ခြင်း၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသက်မွေးဝမ်းကျောင်းအခွင့်အလမ်းများကဲ့သို့ အခြေခံလိုအပ်သည့် ဝန်ဆောင်မှုများအား မရရှိအောင် ကန့်သတ်ထားခြင်း။ ဥပမာ – မုဆိုးမတစ်ဦးအား အမွေဆက်ခံခွင့်မပေးခြင်း၊ မိသားစုဝင်များက ဝင်ငွေကို အတင်းအဓမ္မယူခြင်း၊ အမျိုးသမီးတစ်ဦးအား သန္ဓေတားဆေး/ပစ္စည်း သုံးခွင့်မပေးခြင်း၊ (သို့) မိန်းကလေးတစ်ဦးကို ကျောင်းတက်ခွင့်မပေးခြင်း။ ဤအမျိုးအစားသည် မှီခိုအားထားရမှု၊ စိတ်ဖိစီးမှုနှင့် အကြောက်တရားတို့ကို ဖြစ်ပေါ်စေပြီး သက်ဆိုင်ရာလူကို အင်အားမဲ့စေသည့်အပြင် မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း မရှိအောင် ဖြစ်သွားစေပါသည်။
၂။ GBV အန္တရာယ်များကို ဘယ်လိုလျှော့ချ၊ ကာကွယ်မလဲ။ ⬇️
- သင်ရင်နှီးသည့်နေရာ ဖြစ်သည့်တိုင်အောင် သွားမည့်နေရာနှင့် ပြန်လာမည့်အချိန်ကို မိသားစု (သို့) ယုံကြည်စိတ်ချရသောသူတစ်ဦးထံ အမြဲပြောပါ။
- အရေးပေါ်အခြေအနေများအတွက် အရေးကြီးသော ဆက်သွယ်ရန်ဖုန်းနံပါတ်များကို မှတ်ထားပါ။
- အသက်ကြီးသူများ၊ မသန်စွမ်းသူများ (သို့) ကလေးငယ်များကို အိမ်တွင် တစ်ဦးတည်းထားခြင်းကို ရှောင်ကြဉ်ပါ။ မိသားစုဝင်များအတူတကွနေခြင်းသည် အလုံခြုံဆုံးဖြစ်ပါသည်။
- လုံခြုံမှုမရှိသောနေရာများ (သို့) မသင့်လျော်သောအပြုအမူများအကြောင်းကို ယုံကြည်စိတ်ချရသော အဖွဲ့အစည်းများ (သို့) လူများ၊ ဥပမာ – ရပ်ရွာခေါင်းဆောင်များ (သို့) ကျွမ်းကျင်သောဒေသခံစေတနာ့ ဝန်ထမ်းများနှင့် မျှဝေပါ။
၃။ GBV နဲ့ တွေ့ကြုံရလျှင်ဘာတွေလုပ်ရမလဲ။ ⬇️
- အကြမ်းဖက်ခြင်းသည် မည်သည့်အခြေအနေ၊ အချိန်အခါတွင်မှ အဆင်မပြေပါ။ အကယ်၍ သင်သည် GBV ကို တွေ့ကြုံခံစားရပါက ၎င်းသည် သင်၏အမှားလုံးဝမဟုတ်ပါ။ အမျိုးသားများနှင့် ယောကျာ်းလေးများသည်လည်း GBV ကို တွေ့ကြုံရနိုင်ပါသည်။
- ဝမ်းနည်းခြင်း၊ ဒေါသထွက်ခြင်း၊ စိုးရိမ်ပူပန်ခြင်း (သို့) ကြောက်ရွံ့ခြင်းကိုခံစားရခြင်းသည် အဆင်ပြေပါသည်။ များစွာသော GBVကို ကြုံတွေ့ရသူများသည်လည်း ထိုသို့ပင် ခံစားကြရပါသည်။ သင်တစ်ယောက်ထဲမဟုတ်ပါ။
- အကူအညီတောင်းခံရန်အတွက် နောက်ကျသည်ဟူ၍ မရှိပါ။ သင်သည် အကူအညီရယူရန် အခွင့်အရေးရှိပါသည်။ အကူအညီဝန်ဆောင်မှုများကို ချက်ချင်း ဆက်သွယ်ခြင်းသည် နောက်ထပ် ထိခိုက်နာကျင်မှုများမှ ကာကွယ်ပေးနိုင်ပါသည်။ အကူအညီရယူခြင်းသည် အားနည်းမှု၏လက္ခဏာ တစ်ခုမဟုတ်ပါ။
- တစ်ခုခုလုပ်ဆောင်ရန် မဆုံးဖြတ်မီ ရနိုင်သောရွေးချယ်စရာများနှင့် ဖြစ်နိုင်ခြေရှိသော အကျိုးဆက် များအကြောင်း သင်ယုံကြည်ရသူတစ်ဦးနှင့် တိုင်ပင်သင့်ပါသည်။
- အကယ်၍ သင့်ကို တစုံတစ်ဦးက သူသည် GBV ကို တွေ့ကြုံခံစားနေရသည်ဟုပြောလာပါက မဝေဖန်ဘဲ နားထောင်ပေး၍ ရရှိနိုင်သော ဝန်ဆောင်မှုများကို ပြောပြပေးပါ။
- မိသားစုနှင့် ရပ်ရွာအတွင်း ကလေးသူငယ်လက်ထပ်ပေးခြင်းနှင့် အတင်းအကြပ်လက်ထပ်ပေးခြင်း ကဲ့သို့သောအန္တရာယ်ရှိသည့် အလေ့အထများပြုလုပ်ခြင်းအား ငြင်းဆန်ရန်ကြိုးပမ်းပါ။ ခက်ခဲသည့် ကာလများတွင် ထိုသို့သော အလေ့အထများ ပိုမိုများပြားလာနိုင်သည်။
သက်ဆိုင်သော အချက်အလက်များ
-
- မေးခွန်းများ၊ အကြံပြုချက်များနှင့် တိုင်ကြားချက်များပေးပို့ရန်
- လိမ်လည်မှုနှင့်အကျင့်ပျက်ခြစားမှုများကို တိုင်ကြားခြင်း
- လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုများနှင့် အလွဲသုံးစားမှုများကို တိုင်ကြားခြင်း
- မြန်မာနိုင်ငံရှိ UNHCR အကြောင်း
- မိသားစုပြန်လည်ဆက်သွယ်ခြင်း
- ကျွန်ုပ်တို့အားဆက်သွယ်ရန်
- UNHCR မှ ကိုယ်ရေးအချက်အလက်များ ကိုင်တွယ်ဆောင်ရွက်ခြင်း
- ငလျင်ဆိုင်ရာကူညီဆောင်ရွက်မှု
- ဥပဒေရေးရာ အထောက်အကူပေးခြင်း
- ပင်လယ်ရေလမ်းနှင့် ကုန်းလမ်းတို့မှတဆင့် ခရီးသွားလာခြင်းဆိုင်ရာ အန္တရာယ်များ
- ရေကြီးမှုနှင့် မုန်တိုင်းအန္တရာယ်ကင်းရှင်းရေး – အကြံပြုချက်များ