ဥပ‌‌‌‌‌‌ဒေရေးရာ အထောက်အကူပေးခြင်း

အရေးကြီးမှတ်စု – UNHCR ၏ ဝန်ဆောင်မှုများနှင့် အကူအညီအားလုံးသည် အခမဲ့ဖြစ်ပါသည်။

UNHCR နှင့် ယုံကြည်စိတ်ချရသော မိတ်ဖက်အဖွဲ့အစည်းများသည် ပြည်သူ့ရေးရာ မှတ်ပုံတင်ခြင်း၊ သက်သေခံလက်မှတ်ဆိုင်ရာကိစ္စရပ်များနှင့် ပုံမှန်မဟုတ်သော လမ်းကြောင်းများအသုံးပြု၍ ရွှေ့ပြောင်းသွားလာမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံရခြင်းနှင့် ပတ်သက်သော ဥပဒေရေးရာ အထောက်အကူများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ကူညီထောက်ပံ့မှုများတွင် အောက်ဖော်ပြပါ အကြောင်းအရာများနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲများ၊ ဥပဒေရေးရာ အကြံပေးဆွေးနွေးမှုများနှင့် အမှုလိုက်ပါဆောင်ရွက်မှုများ ပါဝင်ပါသည်။

  • အရှင်မွေးလက်မှတ် (သို့မဟုတ် မွေးစာရင်း)၊
  • အိမ်ထောင်စုလူဦးရေစာရင်း၊
  • နိုင်ငံသားစိစစ်‌ရေးကတ်ပြားများ၊
  • ပုံမှန်မဟုတ်သော လမ်း‌ကြောင်းများအသုံးပြု၍ ရွှေ့ပြောင်းသွားလာမှုကြောင့် ဖမ်းဆီးခံရခြင်း၊ ထိန်းသိမ်းခံရခြင်း။

UNHCR နှင့် ယုံကြည်စိတ်ချရသော မိတ်ဖက်အဖွဲ့အစည်းများသည် အထောက်အထား စာရွက်စာတမ်းများ လျှောက်ထားခြင်း လုပ်ငန်းစဥ်တစ်လျှောက်တွင် ပံ့ပိုးကူညီနိုင်သော်လည်း ထိုစာရွက်စာတမ်းများအား ထုတ်ပေးရန် ဆုံးဖြတ်သည်မှာ မြန်မာနိုင်ငံ၏ သက်ဆိုင်ရာ ဝန်ကြီးဌာနမှသာဖြစ်ပါသည်၊၊

အကယ်၍ သင် သို့မဟုတ် တစ်စုံတစ်‌ယောက်မှ UNHCR နှင့် ယုံကြည်စိတ်ချရသော မိတ်ဖက်အဖွဲ့အစည်းများမှ ကူညီပံ့ပိုးပေးနေသော ဥပဒေရေးရာ အထောက်အကူများ လိုအပ်နေလျှင် သို့မဟုတ် ဥပဒေရေးရာ အထောက်အကူများနှင့် ပတ်သက်သော မေးခွန်းများရှိလျှင် UNHCR သို့ ဆက်သွယ်ပါ။

ပြည်သူ့ရေးရာ မှတ်ပုံတင်ခြင်းနှင့် သက်သေခံလက်မှတ်များအကြောင်း အရေးကြီးသည့် အချက်အလက် အချို့ကို အောက်တွင် ဖော်ပြထားပါသည်။ ပြည်သူ့ရေးရာ မှတ်ပုံတင်ခြင်းနှင့် သက်သေခံ လက်မှတ်များသည် ပညာရေး၊ ကျန်းမာရေး၊ လူမှုဝန်ဆောင်မှုနှင့် ဥပဒေရေးရာ ကာကွယ် စောင့်ရှောက်ရေး စသည့် လူမှုဘဝ ကဏ္ဍများအတွက် မဖြစ်မနေလိုအပ်သော အရေးကြီးသည့် စာရွက်စာတမ်းများဖြစ်သည်။


၁။ အရှင်မွေးလက်မှတ် (မွေးစာရင်း) ဆိုတာ ဘာလဲ။ ဘာကြောင့် အရေးကြီးတာလဲ။ ⬇️

အရှင်မွေးလက်မှတ် (မွေးစာရင်း) ဆိုသည်မှာ ကလေး၏ နာမည်၊ မွေးသက္ကရာဇ်၊ မွေးဖွားသည့်အချိန် နှင့် နေရာ၊ ကလေး၏ လိင် နှင့် မိဘများ၏ အမည်များ ပါဝင်သော ကလေးတစ်‌ယောက်၏ မွေးဖွားခြင်း မှတ်တမ်းဖြစ်ပါသည်။

၂၀၁၉ ခုနှစ်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ၊ ပုဒ်မ ၂၁ အရ ကလေးသူငယ် တိုင်း မွေးစာရင်း ရရှိရန် အခွင့်အရေးရှိပါသည်။

ဥပမာအားဖြင့် မွေးစာရင်းသည် အောက်ဖော်ပြပါအရာများအတွက် လိုအပ်ပါသည် –

  • မွေးကင်းစ ကလေးကို အိမ်‌ထောင်စုလူဦးရေစာရင်းတွင် ထည့်သွင်းရန်၊
  • ‌ကျောင်းနေအရွယ်‌ရောက်သောအခါ မူလတန်းကျောင်းအပ်နှံရန်၊
  • ကလေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားရန်၊
  • အစိုးရဌာနများထံမှ ကလေးအတွက် အကျိုးခံစားခွင့်များ ရရှိရန်။

၂။ အိမ်ထောင်စုလူဦးရေစာရင်း ဆိုတာ ဘာလဲ။ ဘာ‌‌ကြောင့် အရေးကြီးတာလဲ။ ⬇️

အိမ်ထောင်စုလူဦးရေစာရင်းသည် တစ်ဦးချင်းစီ၏ တည်ရှိမှုကို အတည်ပြုသော အဓိက စာရွက်စာတမ်း တစ်ခုဖြစ်ပြီး၊ မိသားစုဝင်များ၏ နေထိုင်ရာနေရာကို သက်သေပြသော အထောက်အထားအဖြစ်လည်း အသုံးပြုနိုင်သည်။ အိမ်ထောင်စုလူဦးရေစာရင်းတွင် အိမ်ထောင်စုဝင်များ၏ အသေးစိတ်အချက်အလက်များ ပါဝင်သည်။ အဆိုပါ အချက်အလက်များတွင် အမည်၊ ဖခင်အမည်၊ မွေးသက္ကရာဇ်၊ လိင်၊ အိမ်ထောင်ဦးစီးနှင့် တော်စပ်ပုံ၊ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ နိုင်ငံသားအမျိုးအစား၊ နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ် (မှတ်ပုံတင်နံပါတ်) တို့အပြင် နေထိုင်ရာအချက်အလက်များဖြစ်သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုနှင့် ကျေးရွာအမည်တို့လည်း ပါဝင်သည်။

၁၉၄၉ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းနေထိုင်သူများမှတ်ပုံတင်ရေး အက်ဥပဒ အရ၊ အိမ်ထောင်စုဝင်အားလုံးကို အိမ်ထောင်စုလူဦးရေစာရင်းတွင် အိမ်ထောင်ဦးစီးနှင့် တော်စပ်ပုံအပါအဝင်တို့ကိုဖေါ်ပြပြီး မဖြစ်မနေ မှတ်ပုံတင်ရမည်။

အိမ်ထောင်စုလူဦးစာရင်းသည် စီမံအုပ်ချုပ်‌ရေး လုပ်ငန်းစဥ်အများအပြားတွင် မဖြစ်မနေ အရေးပါသော သက်သေခံအထောက်အထား စာရွက်စာတမ်းတစ်ခု ဖြစ်ပါသည်။ ဥပမာအားဖြင့် အိမ်ထောင်စုလူဦးရေစာရင်းအား အောက်ဖေါ်ပြပါ အခြေအနေ ကိစ္စရပ်များတွင် မဖြစ်မနေ လိုအပ်ပါသည်။

  • မွေးစာရင်းလက်မှတ်၊ လက်ထပ်စာချုပ် နှင့် သေဆုံးစာရင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ နှင့် နိုင်ငံကူးလက်မှတ်များအား အစရှိသော ပြည်သူ့ရေးရာ မှတ်ပုံတင်ခြင်း နှင့် သက်သေခံအထောက်အထားလက်မှတ်များအား ‌လျှောက်ရန်၊
  • နိုင်ငံသားဖြစ်ခွင့် လျှောက်ရန်၊
  • ခရီးသွားလာခွင့် (ပုံစံ – ၄) အား လျှောက်ရန်၊
  • နေရပ်လိပ်စာ‌ပြောင်းရန်၊
  • အိုး၊ အိမ်၊ စည်းစိမ် ပိုင်ဆိုင်မှုများအား လက်လှမ်းမှီရန်။

၃။ နိုင်ငံသားစိစစ်ရေးကတ်ပြားအမျိုးအစားများ ⬇️

မြန်မာနိုင်ငံ၏ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပ‌‌ဒေတွင် နိုင်ငံသားအမျိုးအစား (၃) မျိုး သတ်မှတ်ထားပြီး၊ တစ်ခုချင်းစီအတွက် သီးခြားနိုင်ငံသားစိစစ်ရေးကတ်ပြားများ သတ်မှတ်ထားရှိပါသည်။

မွေးရာပါ နိုင်ငံသားအဖြစ် မရရှိသူတို့သည် နိုင်ငံသားစိစစ်ရေးကတ်ပြားအတွက် တိုက်ရိုက်လျှောက်ထားခွင့် မရှိပါ။ ၎င်းတို့သည် ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေ ၏ ပုဒ်မ ၆၅ အရ နိုင်ငံသား ဟုတ်၊ မဟုတ် အဆုံးအဖြတ် ခံယူရန် ဦးစွာ လျှောက်ထားရန် လိုအပ်ပါသည်။ ဆက်လက် လျှောက်ထားရန် ဆုံးဖြတ်ချက်သည် သက်ဆိုင်ရာ ကာယကံရှင်များ၏ ဆန္ဒပေါ်တွင်သာ မူတည်သည်။

  • နိုင်ငံသားစိစစ်ရေးကတ်ပြား (ပန်းရောင်ကဒ်)

နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်သူ – အသိအမှတ်ပြုထားသော “တိုင်းရင်းသား လူမျိုးများ” စာရင်းတွင် ပါဝင်သူများ သို့မဟုတ် ၁၈၂၃ ခုနှစ် မတိုင်မီ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သော မိဘမျိုးရိုးအား သက်သေပြနိုင်သူများ (ကိုးကားချက် – ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေ၊ အခန်း ၂)။

နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများသည် ဥပမာအားဖြင့် မဲပေးပိုင်ခွင့်၊ အများပြည်သူဆိုင်ရာ ရုံးများတွင် တာဝန်ထမ်းဆောင်ရန် ဝင်ရောက်ရွေးကောက်ခံပိုင်ခွင့် နှင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများအား လက်လှမ်းမှီ အသုံးပြုခွင့် ရှိသည်။

  • ဧည့်နိုင်ငံသားစိစစ်ရေးကတ်ပြား (အပြာရောင်ကဒ်)

ဧည့်နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများ – ၁၉၈၂ ခုနှစ် မတိုင်မှီ ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားအက်ဥပဒေ အရ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားခဲ့သော်လည်း၊ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေအား ပြဌာန်းချိန်အထိ နိုင်ငံသားဖြစ်ခွင့်အတွက် ဆုံးဖြတ်ချက် မရရှိသေးသောသူများ (ကိုးကားချက် – ၁၉၈၂ ခုနှစ်၊ နိုင်ငံသား ဥပဒေ၊ အခန်း ၃)။

ဧည့်နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်သူ နိုင်ငံသားများသည် အချို့သော နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများ၊ အများပြည်သူဆိုင်ရာ ရုံးများတွင် တာဝန်ထမ်းဆောင်ရန် ဝင်ရောက်ရွေးကောက်ခံပိုင်ခွင့်၊ နိုင်ငံ‌ရေး ပါတီများတွင် အဖွဲ့ဝင်ဖြစ်ခွင့် နှင့်  အချို့သော အသက်မွေးဝမ်းကျောင်းပညာရပ်များအပေါ် လက်လှမ်းမှီနိုင်မှု အခက်အခဲများ သိသိသာသာ ရင်ဆိုင်ရနိုင်ပါသည်။

ဧည့်နိုင်သားများကို ဧည့်နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းနိုင်သည်။

  • နိုင်ငံသားပြုခွင့်ရသူစိစစ်ရေးကတ်ပြား (အစိမ်းရောင်ကဒ်) 

နိုင်ငံသားပြုခွင့်ရသူစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများ – မြန်မာနိုင်ငံအတွင်း ကာလ ရှည်ကြာစွာနေထိုင်ခဲ့ပြီး တိုင်းရင်းသားဘာသာစကား တစ်မျိုးမျိုးအား တတ်ကျွမ်းခြင်းနှင့် အကျင့်စာရိတ္တကောင်းမွန်ခြင်းအပါအဝင် ပြဌာန်းသတ်မှတ်ချက်များနှင့် ကိုက်ညီသော သူများ။ (ကိုးကားချက် – ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေ၊ အခန်း ၄)။

နိုင်ငံသားပြုခွင့်ရသူ စိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများ နိုင်ငံသားများသည်လည်း ဧည့်နိုင်ငံသားများကဲ့သို့ အချို့သော နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများ၊ အများပြည်သူဆိုင်ရာ ရုံးများတွင် တာဝန်ထမ်းဆောင်ရန် ဝင်ရောက်ရွေးကောက်ခံပိုင်ခွင့်၊ နိုင်ငံ‌ရေး ပါတီများတွင် အဖွဲ့ဝင်ဖြစ်ခွင့် နှင့်  အချို့သော အသက်မွေးဝမ်းကျောင်းပညာရပ်များအပေါ် လက်လှမ်းမှီနိုင်မှု အခက်အခဲများ သိသိသာသာ ရင်ဆိုင်ရနိုင်ပါသည်။

နိုင်ငံသားပြုခွင့်ရသူများကို  နိုင်ငံသားပြုခွင့်ရသူ အဖြစ်မှ ရုပ်သိမ်းနိုင်သည်။


၄။ စာရွက်စာတမ်းများ ဘေးကင်းလုံခြုံစိတ်ချစွာ သိမ်းဆည်းရန် အကြံပြုချက်များ ⬇️

  • စာရွက်စာတမ်းများ သိမ်းဆည်းခြင်း – အရေးကြီးသော စာရွက်စာတမ်းများအား အရေးပေါ်အခြေအနေတွင် သင်နှင့် တစ်ပါတည်း သယ်ဆောင်သွားနိုင်သော အိတ်တစ်ခုထဲတွင် ထည့်သိမ်းပါ။ စာရွက်စာတမ်းများအား ပိုက်ဆံများ၊ တန်ဖိုးကြီး ပစ္စည်းများနှင့် ခွဲသိမ်းပါ။ စာရွက်စာတမ်းများအား မည်သည့်နေရာတွင် မည်သို့ သိမ်းဆည်းထားကြောင်းအား မိသားစုဝင် အားလုံးကို ပြောပြထားပါ။
  • ရေမစိုအောင် ကာကွယ်ထိန်းသိမ်းခြင်း – စာရွက်စာတမ်းများ သိမ်းဆည်းရာတွင် ရေစိုပျက်စီးမှုမှ ကာကွယ်ရန် ရေစိုခံသော ဖိုင်အိတ်များ သို့မဟုတ် ပလပ်စတစ်အိတ်များအား အသုံးပြုပါ။
  • အီလက်ထ‌ရောနစ် မိတ္တူကူးခြင်းနှင့် သိမ်းဆည်းခြင်း – အရေးကြီးသော စာရွက်စာတမ်းများကို မိတ္တူကူးထားပြီး၊ မူရင်းစာရွက်စာတမ်းများနှင့် သီးခြားစီ ခွဲ၍ သိမ်းပါ။ အရေးကြီး သောစာရွက်စာတမ်းများ၏ ဓာတ်ပုံများ သို့မဟုတ် စကန်ဖိုင်များကို အီလက်ထရောနစ် မိတ္တူအဖြစ် သိမ်းဆည်းထားပါ။ အီးမေးလ်အသုံးပြုပါက၊ ထိုစာရွက်စာတမ်းများ၏ အီလက်ထရောနစ်မိတ္တူများကို သင်၏ အီးမေးလ်သို့ ပေးပို့သိမ်းဆည်းထားပါ။

၅။ ပြည်သူ့ရေးရာမှတ်ပုံတင်ခြင်းနှင့် သက်သေခံအထောက်အထားစာရွက်စာတမ်းများ လျှောက်ထားရရှိရန် ဘာကြောင့်အရေးကြီးပါသလဲ။ ⬇️

  • ဥပဒေအရ လိုအပ်ခြင်း – ဥပဒေအရ မြန်မာနိုင်ငံတွင် နေထိုင်သူတစ်ဦးတစ်ယောက်စီတိုင်းသည် မဖြစ်မနေ မှတ်ပုံတင်ရမည်ဖြစ်ပြီး ပြည်သူ့ရေးရာ မှတ်ပုံတင်ခြင်း နှင့် သက်သေခံလက်မှတ်များကို လျှောက်ထားရယူရမည်။ (ကိုးကားချက် – ၁၉၄၀ ခုနှစ်၊ နိုင်ငံခြားသားများမှတ်ပုံတင်ရေးအက်ဥပဒေ နှင့် ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ)။
  • လိမ်လည်မှုနှင့် အခွင့်အ‌ရေး ချိုးဖောက်မှုများမှ ကာကွယ်ခြင်း – ပြည်သူ့ရေးရာ မှတ်ပုံတင်ခြင်းနှင့် သက်သေခံလက်မှတ်များ ကိုင်ဆောင်ထားခြင်းသည် သင်၏ ကိုယ်ရေးအချက်အလက်များ ခိုးယူခံရမှု၊ လိမ်လည်ခံရမှုများနှင့် အခြားသူများမှ ခေါင်းပုံဖြတ် အမြတ်ထုတ်မှုတို့မှ ကာကွယ်ပေးပါသည်။
  • အငြင်းပွားမှုဖြေရှင်းခြင်းနှင့် ကလေးသူငယ်ဆိုင်ရာ ကာကွယ်စောင့်ရှောက်မှု – ပြည်သူ့‌ရေးရာမှတ်ပုံတင်ခြင်းနှင့် သက်သေခံလက်မှတ်များသည် သင့်အား မည်သူမည်ဝါဖြစ်ကြောင်း နှင့် အိမ်ခြံမြေကို မည်သူက ပိုင်ဆိုင်ကြောင်းတို့ကို သက်သေ ‌‌ပြနိုင်ပါသည်။ ထို့အပြင် ကလေးသူငယ်များအား ကလေးအလုပ်သမားဖြစ်စေခြင်း၊ ကလေးသူငယ်လက်ထပ် ထိမ်းမြားမှုနှင့် လူကုန်ကူးမှု များမှ ကာကွယ်ပေးနိုင်ပါသည်။
  • လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် – ပြည်သူ့‌ရေးရာ မှတ်ပုံတင်ခြင်းနှင့် သက်သေခံလက်မှတ်များ သည် သင့်အား ပြည်တွင်း၌ လွတ်လပ်စွာ ခရီးသွားလာရန် ခွင့်ပြုပေးပါသည်။ ထို့ပြင် နိုင်ငံတကာနယ်စပ်ဖြတ်၍ မြန်မာနိုင်ငံမှ ထွက်ခွာခြင်း သို့မဟုတ် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခြင်းအတွက်လည်း သက်သေခံလက်မှတ်များ လိုအပ်ပါသည်။

သက်ဆိုင်သော အချက်အလက်များ